မြန်မာနိုင်ငံတွင် ထိရောက်သည့် အခွန်ကောက်ခံမှုစနစ် မရှိသေးဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ အထူးစီးပွားရေးအကြံပေး Prof. Sean Turnell ပြောကြား




မြန်မာနိုင်ငံတွင် ထိရောက်သည့် အခွန်ကောက်ခံမှုစနစ် မရှိသေးဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အထူးစီးပွားရေးအကြံပေး Prof. Sean Turnell က ပြောကြားသည်။

အောက်တိုဘာ ၁၃ ရက်က ပြုလုပ်သည့် မြန်မာစီးပွားရေးသတင်းထောက်များ ဖိုရမ်၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် သတင်းမီဒီယာ အခန်းကဏ္ဍဆွေးနွေးပွဲတွင် Prof. Sean Turnell က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Prof. Sean Turnell က “ကုမ္ပဏီ ဂရုအုပ်စုတွေ၊ ကုမ္ပဏီအနည်းငယ်ထဲကို ငွေတွေ အများကြီးလိုက်နေတာကို ပြောချင်ပါတယ်။ ငွေတွေက ကုန်စည်တွေထက် ကျယ်ပြန့်မှု ပိုများနေတာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ထိရောက်တဲ့ အခွန်ကောက်ခံမှုစနစ်တွေ မရှိသေးပါဘူး။ အစိုးရသုံးစွဲဖို့ဆိုတာက အခွန်ကနေရမှဖြစ်မှာ” ဟု ပြောကြားသည်။

အခွန်မှ ငွေမရသည့်အခါ၊ အခွန်စနစ် မကောင်းသည့်အခါ အစိုးရက ဗဟိုဘဏ်မှ ငွေစက္ကူတွေ ရိုက်ထုတ်နေကြောင်း၊ ငွေစက္ကူ ရိုက်ထုတ်နေတဲ့အတွက် ဈေးကွက်ထဲမှာ ငွေတွေပိုမိုများလာကြောင်း၊ အကယ်၍ အခွန်ကောက်ခံမှုကနေ အစိုးရက ငွေဝင်နေမည်ဆိုလျှင် သက်သာလာမည်ဖြစ်ကြောင်း Prof. Sean Turnell က ပြောကြားသည်။

ယင်းအတွက်ကြောင့် လိုအပ်နေသည့် အစိုးရ၏ လိုငွေပြမှုတွေကို ငွေတိုက်ကထုတ်တဲ့ ငွေချေးစာချုပ်တွေ၊ ငွေချေးလက်မှတ်များဖြင့် ဖြည့်ဆည်းနိုင်ရန်အတွက်လည်း ကြိုးစားဆောင်ရွက်နေကြောင်း Prof. Sean Turnell က ဆိုသည်။

အစိုးရမှ ငွေတိုက်မှတစ်ဆင့် ထုတ်သည့် ငွေချေးစာချုပ်များ ငွေချေးလက်မှတ်များကို ထုတ်ချင်းအားဖြင့်လည်း အစိုးရ၏ သုံးစွဲမှုနှင့် အခွန်ကရသည့် ၀င်ငွေ၏ကြားတွင် ကွာဟမှုတွေ့နေကြောင်း၊ မြန်မာနိုင်ငံတွင် အခွန်ပိုင်းမှာ အများကြီး လိုအပ်နေကြောင်း၊ ရှိသင့်သည့်အခွန်များ မရတာမျိုးဖြစ်နေကြောင်း၊ ယင်းအတွက် အစိုးရအနေဖြင့် လိုအပ်နေသည့် လိုငွေပြမှုများကို ငွေတိုက်ကထုတ်တဲ့ ငွေချေးစာချုပ်များနှင့် ငွေချေးလက်မှတ်များနှင့် ဖြည့်ဆည်းနိုင်ရန်အတွက်လည်း ကြိုးစားနေကြောင်း သိရသည်။ ၂၀၁၅- ၂၀၁၆ ခုနှစ်တွင် ငွေစက္ကူထုတ်လုပ်မှု တိုးတက်ချက်အရ ရာခိုင်နှုန်း၂၀ ကျော်မှ ၃၂ ရာခိုင်နှုန်းအထိ တက်လာခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ၁၃ ရာခိုင်နှုန်းအထိ လျော့ချနိုင်ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုအရ ၅ ဒသမ ၉ ရာခိုင်နှုန်းရှိကြောင်း ၂၀၁၅-၂၀၁၆ မှာဆိုရင် ခြောက်ရာခိုင်နှုန်းအထိ ရှိနေခဲ့ကြောင်း၊ ယခင်တစ်ပတ် ငွေကြေးဖောင်ပွမှုနှုန်းအရ ၄ ဒသမ ၇ရာခိုင်နှုန်းကို ပြန်လည် ကျဆင်းခဲ့ကြောင်း သိရသည်။

Prof. Sean Turnell ၏ ငွေကြေးဖောင်းပွေမှုအပေါ် သုံးသပ်ပြောကြားချက်အရ “အစိုးရ စီးပွားရေး တည်ငြိမ်မှုရအောင်လုပ်နိုင်ရင် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်မယ် ဆိုရင်တော့ ပြည်သူ့ဘဏ္ဍာကို ပိုမိုကောင်းမွန်အောင် စီမံခန့်ခွဲတဲ့နည်းတွေ ရှိပါတယ်။ အဓိက ဘာတွေလဲဆိုရင်တော့ အစိုးရကုန် ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ စံနှုန်းတွေရှိပါတယ်။ ဒါတွေက ဘာကိုပြောနေလဲဆိုရင် ဗဟိုဘဏ်ကနေ ငွေစက္ကူ ရိုက်ထုတ်မှုကနေ အစိုးရဘတ်ဂျက်ထဲ ဘယ်လောက်ဝင်မလဲ။ ၂၀၁၆ -၂၀၁၇ မှာ ငွေစက္ကူရာခိုင်နှုန်း ၄၀။ ၂၀၁၇- ၂၀၁၈ မှာ ရာခိုင်နှုန်း ၃၀ ဖြစ်မယ်။ ၂၀၁၈- ၂၀၁၉ မှာ ရာခိုင်နှုန်း၂၀ ဖြစ်မယ် နောက်ပိုင်း ၂၀၂၀ မှာဆိုရင် အစိုးရက ဗဟိုဘဏ်ကနေ လုံးဝငွေစက္ကူရိုက်မထုတ်ဘဲ သွားဖို့လုပ်ပါတယ်။ တဖြည်းဖြည်းချင်း လျော့ချသွားတာကို အကြီးစားစီးပွားရေး ပြုပြင်ပြောင်းလဲမှုလို့ ခေါ်ပါတယ်။ ဒါတွေက စံနှုန်းတွေပါ။ အဲဒီအတိုင်း အတိအကျ ဖြစ်လာမယ်လို့ ကျွန်တော်လည်း အာမ မခံနိုင်ပါဘူး။ အဲဒါနဲ့ အနီးစပ်ဆုံးဖြစ်အောင် အစိုးရက ကြိုးစားသွားမှာပဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

လက်ရှိတွင် အစိုးရအနေဖြင့် အောက်တိုဘာ ၁ ရက်မှစ၍ ဘတ်စ်ကားနှင့် ကုန်တင်ယာဉ် အပါအ၀င် ပြည်ပမှတင်သွင်းလာသည့် ကုန်စည်အချို့ကို အကောက်ခွန်နှုန်းတိုးမြှင့် ကောက်ခံရန် ကြေညာထားပြီးဖြစ်သည်။

ယခင်က ကုန်စည်များအား အကောက်ခွန် ကောက်ခံရာတွင် မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၁၂ ခုနှစ်ဖြင့် ကောက်ခံခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁ ရက်မှစ၍ မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၁၇ ကို စတင်အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၁၇ ခုနှစ်အရ အကောက်ခွန်နှုန်း တိုးမြှင့်မည့် ကုန်စည်အချို့တွင် ပြည်ပမှတင်သွင်းမည့် ဘိလပ်မြေ၊ အိမ်သုံးဆား၊ အသင့်သောက်သုံးနိုင်သည့်ကော်ဖီ၊ ပြည်တွင်းတွင် စိုက်ပျိုးထွက်ရှိသော အသီးအနှံများ၊ ကြက်သွန်နီ/ကြက်သွန်ဖြူ၊ ပန်းများ၊ ပရိဘောဂများ၊ ဘတ်စ်ကားနှင့် ကုန်တင်ယာဉ်တို့ ပါဝင်ကြောင်း သိရသည်။

ဘတ်စ်ကားနှင့် ကုန်တင်ယာဉ်များကို ယခင်သုံးရာခိုင်နှုန်း ကောက်ခံနေရာမှ ယခု ၁၀ ရာခိုင်နှုန်းသို့လည်းကောင်း၊ CKD စနစ်ဖြင့် တင်သွင်းထုတ်လုပ်မည့် ဘတ်စ်ကားနှင့် ကုန်တင်ယာဉ်များကို ယခင်သုံးရာခိုင်နှုန်း ကောက်ခံနေရာမှ ယခု ၇ ဒသမ ၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ကောက်ခံကြောင်း သိရသည်။

writer: အောင်ရဲကို၊ ရှိုင်းလင်းအောင်



Eleven Media Group

http://news-eleven.com/news/16365

Comments

Popular posts from this blog

ခွဲစိပ်ပါရဂူသိရင်ငိုလောက်တဲ့ဇာမဏီရွက်

စစ်ဘေးရှောင်အမည်ခံ လုပ်စားနေတဲ့ KIA အရပ်ဝတ်နဲ့တပ်ဖျောက်နေထိုင်လာတဲ့ KIA

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးသွားဟု အပစ်ရပ် အဖွဲ့များပြော