NCA ၂ နှစ်ပြည့် အခမ်းအနားသို့ သမ္မတ(ဟောင်း) ဦးသိန်းစိန် တက်ရောက်ရန် မရှိဟုဆို
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၂) နှစ်မြောက် အခမ်းအနား အောက်တိုဘာလ ၁၅ ရက်၌ ကျင်းပမည်ဖြစ်ရာ ယင်းသို့တက်ရောက်ရန် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဟောင်း ဦးသိန်းစိန်ကို ဖိတ်ကြားခဲ့သော်လည်း တက်ရောက်သွားရန် မရှိကြောင်း ၎င်းနှင့်နီးစပ်သူအချို့ထံမှ စုံစမ်းသိရှိရသည်။
သမ္မတ(ဟောင်း)ဦးသိန်းစိန် အဆိုပါ အခမ်းအနားသို့ တက်ရောက်ခြင်း မရှိသော်လည်း ဒုသမ္မတ (ဟောင်း) နှစ်ဦး တက်ရောက်သွားမည်ဖြစ်သည်။
“ဘဘကြီးက မေးလိုက်တော့ NCA နှစ်နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်သွားဖို့ မရှိပါဘူးလို့ ပြန်ဖြေတယ်”ဟု ရွှေပြည်တော် ဆုံမှတ် ပရဟိတအဖွဲ့အတွင်းရေးမှူး ဦးအောင်ပိုင်မင်းက The Voice သတင်းစာသို့ အတည်ပြု ပြောဆိုခဲ့သည်။
NCA လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည် အခမ်းအနားကို နိုင်ငံတော်သမ္မတ (ဟောင်း)အပါအဝင် ဒုသမ္မတ (ဟောင်း)များ၊ ယခင်ငြိမ်းချမ်းရေး ဆောင်ရွက်ခဲ့ကြသူများနှင့် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ် (ဟောင်း) များ တက်ရောက်ရန် နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာလ ၁၃ ရက်နေ့၌ ဖိတ်ကြားခဲ့သည်။
ထိုကဲ့သို့ နိုင်ငံတော် သမ္မတရုံး၏ ဖိတ်ကြားမှုသည် အခမ်းအနား ကျင်းပသည့်ရက်နှင့် နီးကပ်စွာ ဖိတ်ကြားခြင်းကြောင့် သမ္မတ (ဟောင်း) ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်ဟောင်းများ အချို့သည် ယင်းအခမ်းအနားသို့ တက်ရောက်ရန် မရှိကြောင်း ၎င်းတို့နှင့်နီးစပ်သူများက The Voice သတင်းစာသို့ အတည်ပြု ပြောဆိုခဲ့သည်။
အလားတူ ယင်းအခမ်းအနားသို့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည်လည်း တက်ရောက်ရန် မရှိကြောင်း ယင်းပါတီ ထိပ်ပိုင်းခေါင်းဆောင် အချို့ထံမှ သိရသည်။
ယင်းနှစ်ပတ်လည် အခမ်းအနားကို တပ်မတော်၊ နိုင်ငံတကာ သံတမန်များ၊ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ အပါအဝင် တိုင်းရင်းသားနိုင်ငံရေး ပါတီများ အပါအဝင် အခြားသော အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ တက်ရောက်မည်ဖြစ်သည်။
အဆိုပါ အခမ်းအနားကို အောက်တိုဘာလ ၁၅ ရက်တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) ၌ ကျင်းပရန် စီစဉ်ထားပြီး ဖြစ်သည်။
နိုင်ငံတော်သမ္မတ (ဟောင်း) ဦးသိန်းစိန် အစိုးရလက်ထက်၌ NCA စာချုပ်ကို ကရင် အမျိုးသားအစည်းအရုံး (KNU)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA PC)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS /SSA) ဟူသည့် တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့ လက်မှတ်ရေးထိုးထားသည်။
The Voice
http://thevoicemyanmar.com/news/12839-nca
Comments
Post a Comment