MS -13 ဂိုဏ်းခေါင်းဆောင် ဘလန်ကို ဂွာတီမာလာမှာ ဖမ်းမိ
နိုင်ငံတကာမှာ နာမယ်ကြီးတဲ့ ကယ်လီးဖိုးနီးယားအခြေစိုက် ဒုစရိုက်ဂိုဏ်းတစ်ခုဖြစ်တဲ့ MS-13 (နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မာရာလို့ခေါ်တဲ့ ) ရဲ့ ဂိုဏ်းခေါင်းဆောင်ဖြစ်သူ ဘလန်ကို ကို ဖမ်းမိထားပြီလို့ ဂွာတီမာလာ မှာရှိတဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ရဲတပ်ဖွဲ့က သူ့ကို မြို့တော်ရဲ့ အနောက်ဘက် ၅၀ကီလိုမီတာ အကွာမှာရှိတဲ့ ချင်မယ်တီနန်ဂိုမြို့မှာ ရှာဖွေတွေ့ရှိခဲ့တာပါ။
ဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ သူ့ကို ပြီးခဲ့တဲ့ နှစ်လက ဆေးရုံတစ်ခုကို သေနတ်ပစ်ခတ်တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ကအလိုရှိနေတာပါ။
MS-13 လို့ လူသိများတဲ့ ဒီဂိုဏ်းဟာ နိုင်ငံတကာမှာပါ လှုပ်ရှားမှုတွေရှိနေပြီး ဒီနှစ်အတွင်း နယူးယောက်မြို့မှာ ဖြစ်ခဲ့တဲ့ မိန်းကလေးနှစ်ဦး ဓါးနဲ့ခုတ်သတ်ခံရတဲ့အမှုဟာလည်း အဲ့ဒီဂိုဏ်းနဲ့ ဆက်စပ်နေပါတယ်။
ဒီဒုစရိုက်ဂိုဏ်းဟာ အလွန်အမင်းရက်စက်ကြမ်းကြုတ်တယ်လို့ နာမည်ကျော်နေတဲ့ ဂိုဏ်းတခုဖြစ်ပြီး လော့အိန်ဂျလိစ်မှာ အခြေစိုက်ဖွဲ့စည်းခဲ့တာဖြစ်ပေမဲ့ အမေရိကန် အလယ်ပိုင်း တစ်ခုလုံးကို ဖြန့်ကျက် ကြီးစိုးနေတာပါ။
ဒုစရိုက်ဂိုဏ်းတွေ စုံစမ်းဖော်ထုတ်တာကို အဓိကလုပ်ဆောင်နေတဲ့ ဂိုဏ်းရေးရာကျွမ်းကျင်တဲ့ အက်ဖ်ဘီအိုင် အရာရှိတစ်ဦးကတော့ " သတ်မယ်၊ အဓမ္မကျင့်မယ်၊ ချုပ်ကိုင်မယ် " ဆိုတာဟာ သူတို့ရဲ့ ဆောင်ပုဒ်ပဲလို့ပြောပါတယ်။
ဒေသတွင်းမီဒီယာတွေမှာဖော်ပြချက်အရ လူ ၇ ဦးကိုသေဆုံးစေခဲ့တဲ့ ဆေးရုံက ပစ်ခတ်မှုဟာ သူ့ရဲ့ ညွှန်ကြား ခိုင်းစေချက်ကြောင့် ဖြစ်မယ်လို့ အာဏာပိုင်တွေကယုံကြည်ထားပါတယ်။
လက်နက်ကိုင်အစောင့်တွေရဲ့ စောင့်ကြည့်မှုနဲ့ဆေးရုံမှာ ရှိနေတဲ့ သူတို့ရဲ့ဂိုဏ်းခေါင်းဆောင် ကို လွတ်မြောက်စေဖို့ ပစ်ခတ်တိုက်ခိုက်မှုကို လုပ်တာ ဖြစ်မယ်လို့ ရဲကသံသယရှိနေတာပါ။
ဘလန်ကိုလို့ လူသိများတဲ့ မစ္စတာရီးယက်စ်ဟာ ၂၀၁၄ခုနှစ်က လူသတ်မှုအပါဝင် ပြစ်မှုတွေအတွက် တရားရင်ဆိုင်ခဲ့ရပြီး သူ့ကို လုံခြုံရေးအစောင့်အရှောက်များစွာနဲ့ ထိန်းသိမ်းခံထားရစဉ်လွတ်မြောက်သွားခဲ့တာပါ။ အစိုးရရှေ့နေ ကတော့ သူဟာ အနည်းဆုံး လူ ၂၈၇ ယောက်လောက်သေဆုံးစေမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ ယုံကြည်ထားပါတယ်။
BBC Burmese
သစ်ထူးလွင်
http://www.thithtoolwin.com/2017/10/ms-13.html
Comments
Post a Comment