လျှပ်စစ်ဓာတ်အားခကို Internet Billing နှင့် Moblie Billing စနစ်များဖြင့် ကောက်ခံရန် စီစဉ်နေ



လျှပ်စစ်ဓာတ်အားခကို Internet Billing နှင့် Moblie Billing စနစ်များဖြင့် ကောက်ခံရန်စီစဉ်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မီတာကောင်းမွန်မှုမရှိခြင်းနှင့် ဓာတ်အားခ တွက်ချက်မှုမှားယွင်းခြင်း (Bill Error) များမရှိစေရေးအတွက် ရပ်၊ ပျက်၊ နှေး မီတာများ အသစ်လဲလှယ်ခြင်း၊ ဒစ်ဂျစ်တယ်မီတာများဖြင့် အစားထိုးတပ်ဆင်ခြင်းများ၊ Hand Held Unit (HHU) သုံးစွဲ၍ မီတာဖတ်ရှုခြင်း၊ ကွန်ပျူတာစနစ်သုံး၍ Bill တောင်းခံနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး Internet Billing နှင့် Moblie Billing စနစ်ဖြင့် Bill တောင်းခံနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် မီတာမရှိဘဲ ဓာတ်အားလိုင်းအား တိုက်ရိုက်ဆက်သွယ်ခြင်း၊ ပျက်ယွင်းနေသည့် မီတာများအား အချိန်မီလဲလှယ်မှုမရှိခြင်းနှင့် ဓာတ်အားသုံးစွဲသူအားလုံးကို ပြည့်စုံစွာ ဓာတ်အားကောက်ခံနိုင်မှု မရှိခြင်းများအတွက် လျှပ်စစ်မီအသုံးပြုသူများနှင့် ဌာန၀န်ထမ်းများအား လိုက်နာဆောင်ရွက်စေရေး စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

ဓာတ်အားခနှုန်းထား ကောက်ခံမှုအရ အိမ်သုံးအတွက် ယူနစ်သုံးစွဲမှုအပေါ် မူတည်ကာ ၃၅ ကျပ်မှ ကျပ် ၅၀၊ စက်မှုစီးပွားရေးသုံးအတွက် ယူနစ်သုံးစွဲမှုအပေါ် မူတည်ကာ ၇၅ ကျပ်မှ ကျပ် ၁၅၀ အထိ အလွှာအလိုက် ကောက်ခံဆောင်ရွက်နေကြောင်း သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ကြေညာထားချက်အရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၏ သြဂုတ်လဓာတ်အားရောင်းချမှုမှ ကျပ်ဘီလျံ ၁၀၀ ကျော်ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ၁၄ ဘီလျံကျော်ပိုမိုရရှိခဲ့ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် သြဂုတ်လအတွင်း ဓာတ်အားသုံးစွဲသူဦးရေ ၄၂၃၆၀၆၂ ဦးရှိပြီး ရောင်းချယူနစ် (ယူနစ်သန်း) ၁၄၇၈၀၇၅ တွင် ငွေကျပ်သန်းပေါင်း ၁၀၃၆၄၁ ဒသမ ၀၈၆ ရရှိခဲ့ကြောင်း သိရသည်။

ယခင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၏ သြဂုတ်လ ဓာတ်အားရောင်းချမှုအရ ဓာတ်အားသုံးစွဲသူဦးရေ ၃၉၀၁၉၇၅ ဦးရှိပြီး ရောင်းချယူနစ် (ယူနစ်သန်း) ၁၃၀၅၇၃၀ တွင် ငွေကျပ်သန်းပေါင်း ၈၉၂၀၅ ဒသမ ၄၄၁ ရရှိခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံး၏ လျှပ်စစ်သုံးစွဲမှု အခြေအနေအရ အထွေထွေဓာတ်အား၊ အိမ်တွင်းသုံးပါဝါ၊ အသေးစားစက်မှုလက်မှု၊ စက်မှုလက်မှု၊ တစ်လုံးတစ်ခဲတည်း၊ လမ်းမီး၊ ယာယီနှင့်ကုမ္ပဏီ စသည့်ဖြင့်ဓာတ်အား အမျိုးအစားလိုက် သုံးစွဲနေကြောင်း သိရသည်။

သို့သော်မကြာမီတွင် လျှပ်စစ်သုံးစွဲခနှုန်းထားများ ပြောင်းလဲဖွယ်ရှိကြောင်းသိရပြီး ယူနစ်အနည်းငယ်သာ သုံးစွဲသည့် ပြည်သူများကို ၀န်ထုပ်ဝန်ပိုး မဖြစ်စေသည့်ဈေးနှုန်းဖြင့် ကောက်ခံရန် စီစဉ်ထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားထားသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က “နှုန်းထားပြောင်းလဲဖို့အတွက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြီး ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။ ယူနစ်အနည်းငယ်သာ သုံးစွဲတဲ့ပြည်သူတွေကို ၀န်ထုပ်ဝန်ပိုးမဖြစ်စေတဲ့ (Affordable Price) နဲ့ ကောက်ခံဆောင်ရွက်ဖို့ စီစဉ်ထားရှိပါတယ်။ ဒီလိုဈေးနိမ့်နိမ့်နဲ့ ရောင်းချတဲ့အတွက် ဆုံးရှုံးငွေကို ဓာတ်အားများများစားစား သုံးစွဲသူတွေဆီကနေ ဈေးနှုန်းတစ်မျိုးနဲ့ရောင်းချပြီး ရရှိလာမယ့်အမြတ်ငွေနဲ့ ပြည်သူအချင်းချင်း မျှဝေစိုက်ထုတ်ကျခံတဲ့ (Cross Subsidies) ပုံစံနဲ့ရောင်းချသွားဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်” ဟုပြောကြားထားသည်။

ဓာတ်အားပေးစက်ရုံ၊ ဓာတ်အားလိုင်းခွဲရုံများ တည်ဆောက်ရာတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ များစွာလိုအပ်နေကြောင်း၊ လက်ရှိနှုန်းထားနှင့် လျှပ်စစ်ဓာတ်အားရောင်းချရာတွင် လျှပ်စစ်ထုတ်လုပ်ရေးစရိတ်ကို မကာမိသည့်အတွက် အရှုံးပေါ်ပြီး ဓာတ်အားပေးစက်ရုံ၊ ဓာတ်အားလိုင်းနှင့် ခွဲရုံအသစ်များအတွက် ရင်းနှီးမြှုပ်နှံရန် အခက်ကြုံနေရကြောင်း သိရသည်။

writer: အောင်ရဲကို



Eleven Media Group

http://news-eleven.com/news/16979

Comments

Popular posts from this blog

ခွဲစိပ်ပါရဂူသိရင်ငိုလောက်တဲ့ဇာမဏီရွက်

စစ်ဘေးရှောင်အမည်ခံ လုပ်စားနေတဲ့ KIA အရပ်ဝတ်နဲ့တပ်ဖျောက်နေထိုင်လာတဲ့ KIA

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးသွားဟု အပစ်ရပ် အဖွဲ့များပြော