IFPRI မှ ထုတ်ပြန်သော ၂၀၁၇ ခုနှစ် အစာအာဟာရငတ်မွတ်မှုဆိုင်ရာ ညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၁၉ နိုင်ငံအနက် မြန်မာနိုင်ငံက အဆင့် ၇၇ ရရှိခဲ့ပြီး အာဆီယံနိုင်ငံများတွင် ဒုတိယမြောက် ရမှတ်အနည်းဆုံးနိုင်ငံဖြစ်



IFPRI (International Food Polilcy Research Institute) မှ ထုတ်ပြန်သော ၂၀၁၇ ခုနှစ် အစာအာဟာရငတ်မွတ်မှုဆိုင်ရာညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၁၉ နိုင်ငံအနက် မြန်မာနိုင်ငံက အဆင့် ၇၇ ရရှိခဲ့ပြီး အာဆီယံနိုင်ငံများထဲတွင် ဒုတိယမြောက် ရမှတ် အနည်းဆုံးနိုင်ငံဖြစ်ခဲ့ကြောင်း အဆိုပါညွှန်းကိန်းအရ သိရသည်။

ယင်းညွှန်းကိန်းကို လူဦးရေနှင့် စားနပ်ရိက္ခာရရှိနိုင်မှု အခြေအနေ၊ ငါးနှစ်အောက် ကလေးငယ်များ၏ အစာအာဟာရရရှိနိုင်မှု အခြေအနေ၊ ငါးနှစ်အောက်ကလေးငယ်များ၏ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုအခြေအနေ၊ ငါးနှစ်အောက်ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေတို့အပေါ် မူတည်၍ စိစစ်ထားခြင်းဖြစ်သည်။

ယင်းညွှန်းကိန်းကို ကမ္ဘာ့နိုင်ငံများအားလုံးတွင် စစ်တမ်းကောက်ယူခြင်းမဟုတ်ဘဲ ဖွံ့ဖြိုးမှုအသင့်အတင့်၊ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုနိမ့်ကျသည့်နိုင်ငံပေါင်း ၁၁၉ နိုင်ငံသာ ပါဝင်ပြီး အဆင့် ၁ မှ ၁၀ အတွင်း ရရှိသည့်နိုင်ငံများမှာ ဘီလာရုစ်၊ ဘော့စ်စနီးယား၊ ချီလီ၊ ခရိုအေးရှား၊ ကျူးဘား၊ အက်စ်တိုးနီးယား၊ ကူဝိတ်၊ လတ်ဗီးရား၊ လစ်သူယေးနီးရား၊ မွန်တီနီဂရိုးတို့ဖြစ်သည်။

စစ်တမ်း၌ ပါဝင်သော အာရှနိုင်ငံကြီးများအနက် တရုတ်က အဆင့် ၂၉၊ အိန္ဒိယက အဆင့် ၁၀၀ ရရှိခဲ့ပြီး စစ်တမ်း၌ပါဝင်သော အာဆီယံနိုင်ငံများအနက် မလေးရှားက အဆင့် ၄၄၊ ထိုင်းက အဆင့် ၄၆၊ ဗီယက်နမ်က အဆင့် ၆၄၊ ဖိလစ်ပိုင်က အဆင့် ၆၈၊ အင်ဒိုနီးရှားက အဆင့် ၇၂၊ ကမ္ဘောဒီးယားကအဆင့် ၇၅၊ မြန်မာက အဆင့် ၇၇၊ လာအိုက အဆင့် ၉၁ ရရှိခဲ့သည်။ ညွှန်းကိန်းကောက်ယူသော နိုင်ငံပေါင်း ၁၁၉ နိုင်ငံအနက် ရမှတ်အနည်းဆုံး ၁၀ နိုင်ငံမှာ ဗဟိုအာဖရိက၊ ချက်ဒ်၊ ဆီရာလီယွန်၊ မာဒါဂါစကာ၊ ဇမ်ဘီယာ၊ ယီမင်၊ ဆူဒန်၊ လီဘီရီးယား၊ နိုက်ဂျာ၊ အရှေ့တီမောနိုင်ငံတို့ဖြစ်သည်။

ထို့အတူ The Ecomomist Intelligence Unit (EIU) က ထုတ်ပြန်သော ၂၀၁၇ ခုနှစ် စားနပ်ရိက္ခာဖူလုံမှုနှင့် လုံခြုံစိတ်ချရမှုဆိုင် ရာညွှန်းကိန်း၌ နိုင်ငံပေါင်း ၁၁၃ နိုင်ငံအနက် မြန်မာနိုင်ငံက အဆင့် ၈၀ ရရှိခဲ့ပြီး အာဆီယံနိုင်ငံများထဲတွင် တတိယမြောက် ရမှတ်အနည်းဆုံးနိုင်ငံဖြစ်ခဲ့သည်။

စားနပ်ရိက္ခာဖူလုံမှုနှင့် လုံခြုံစိတ်ချရမှုဆိုင်ရာ ညွှန်းကိန်းကို စားနပ်ရိက္ခာထုတ်လုပ်မှုနှင့် လုံလောက်မှုဆိုင်ရာ အခြေအနေ၊ စာနပ်ရိက္ခာလွယ်ကူစွာ ရရှိနိုင်မှုအခြေအနေ၊ အရည်အသွေးနှင့် လုံခြုံစိတ်ချမှုအခြေအနေ၊ သဘာဝအရင်းအမြစ်ကြွယ်ဝမှုနှင့် ဘေးအန္တရာယ်ဖြေရှင်းနိုင်မှု အရည်အသွေးတို့ကို အဓိကထားပြီး စိစစ်ရွေးချယ်ခြင်းဖြစ်သည်။

အဆိုပါ အခြေအနေများ စိစစ်သုံးသပ်ရာတွင် မြန်မာနိုင်ငံက သဘာဝအရင်းအမြစ် ကြွယ်ဝမှုဆိုင်ရာ အခြေအနေနှင့် စားနပ်ရိက္ခာထုတ်လုပ်မှုနှင့် လုံလောက်မှုဆိုင်ရာ အခြေအနေတို့တွင် ရမှတ်ကောင်းမွန်သော်လည်း စာနပ်ရိက္ခာလွယ်ကူစွာ ရရှိနိုင်မှု အခြေအနေ၊ အရည်အသွေးနှင့် လုံခြုံစိတ်ချမှု အခြေအနေ၊ သဘာဝဘေးအန္တရာယ်ဖြေရှင်းနိုင်မှု အရည်အသွေးတို့တွင် ရမှတ်လျော့နည်းခဲ့ကြောင်း သိရသည်။ ထို့ပြင် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာကဏ္ဍတွင် မူဝါဒပိုင်းဆိုင်ရာအားနည်းမှု၊ သွင်းအားစုနှင့် အရင်းအနှီးရရှိနိုင်မှုဆိုင်ရာ အခွင့်အလမ်း နည်းပါးမှု၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးမှုအထောက်အကူ အားနည်းချက်များလည်း ရမှတ်လျော့နည်းမှု၏ အကြောင်းအရာအချို့ဖြစ်သည်။

writer: စည်သူအောင်


Eleven Media Group

http://news-eleven.com/news/16328

Comments

Popular posts from this blog

ခွဲစိပ်ပါရဂူသိရင်ငိုလောက်တဲ့ဇာမဏီရွက်

စစ်ဘေးရှောင်အမည်ခံ လုပ်စားနေတဲ့ KIA အရပ်ဝတ်နဲ့တပ်ဖျောက်နေထိုင်လာတဲ့ KIA

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးသွားဟု အပစ်ရပ် အဖွဲ့များပြော