မုံရွာမြို့တွင် အုပ်စုဖွဲ့ လူငယ်တစ်စုက ညအချိန် လမ်းပေါ်ထွက်၍ လူငယ်အချင်းချင်း အနိုင်ကျင့် ရမ်းကားမှုများ ဖြစ်ပေါ် ..



ကိုတိုးကြီး
မုံရွာ၊ အောက်တိုဘာ ၁၅

လူငယ် ခုနှစ်ယောက်မှ ရှစ်ယောက်ခန့်အထိ ပါဝင်သည်ဟု ဆိုသော အုပ်စုဖွဲ့ လူငယ်တစ်စုသည် ညအချိန် ၁၀ နာရီနောက်ပိုင်း ကာလတွင် မုံရွာမြို့၏ လမ်းများပေါ်တွင် ဆိုင်ကယ်များဖြင့် လှည့်လည်သွားလာလျက်ရှိပြီး အခြားလူငယ်များအပေါ် အနိုင်ကျင့် ရမ်းကားမှုများပြုလုပ်လာလျက်ရှိကြောင်း သတင်းများဖြစ်ပေါ်လျက်ရှိသည်။


ယခုလ ၁၄ ရက်နေ့ည ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်က မုံရွာမြို့ ဆူလေကုန်းရပ်ကွက်နှင့် အလယ်ရပ်ကွက်အကြား ကျောက္ကာလမ်း၊ ဂန္ဓာရီဆေးဆိုင်းအနီး နေရာတွင် အုပ်စုဖွဲ့ ဆိုင်ကယ်စီး လူငယ်တစ်စုက ဆိုင်ကယ်စီးနင်းလာသည့် လူငယ်တစ်ဦးအား လိုက်လံ၍ ရန်စ ရမ်းကားခဲ့သည်။ ထို့ကြောင့် အုပ်စုဖွဲ့ လူငယ်တစ်စု၏ ရန်စခြင်းခံရသော လူငယ်တစ်ဦးသည် ဆိုင်ကယ်အား ယူဆောင်စီးနင်းနိုင်ခြင်းမရှိတော့ဘဲ အဆိုပါ နေရာတွင် ၎င်း၏ ဆိုင်ကယ်ကိုထားခဲ့၍ ကိုယ်လွတ်ရုန်းထွက်ပြေးသွားခဲ့သည်။ ထိုအချိန်တွင် အုပ်စုဖွဲ့ လူငယ်တစ်စုက ယင်းဆိုင်ကယ်အား ရိုက်နှက်ဖျက်စီးခဲ့ကြောင်း အင်တာနက် လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် သတင်းများ ဖြစ်ပေါ်ပျန့်နှံ့လျက်ရှိသည်။
ထို့အပြင် ယခုလ ၁၂ ရက်နေ့ည ၁၁ နာရီဝန်းကျင်ခန့်က မုံရွာမြို့ မြ၀တီရပ်ကွက် အောင်သပြေလမ်းတွင် လူငယ်နှစ်ဦးထိုင်နေစဉ် ယင်းနေရာသို့ လူငယ် ၁၀ ယောက်ခန့်က ဆိုင်ကယ်များဖြင့်ရောက်ရှိလာပြီး ထိုင်နေသည့် လူငယ်နှစ်ဦးအား ရန်စ ရမ်းကားခဲ့ရာ ထိုင်နေသည့် လူငယ်နှစ်ဦးက ဆိုင်ကယ်အား ထားခဲ့၍ ကိုယ်လွှတ်ရုန်းထွက်ပြေးသွားခဲ့သည်။ လူငယ်နှစ်ဦး ကိုယ်လွှတ်ရုန်းထွက်ပြေးစဉ်က ထိုနေရာတွင် ရပ်တန့်ထားခဲ့သော ဆိုင်ကယ်မှာ ယနေ့အချိန်ထိ ပြန်လည်ရရှိခြင်း မရှိကြောင်း သတင်းများဖြစ်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့် ယမန်နှစ်က မုံရွာမြို့ ချမ်းမြ၀တီရပ်ကွက် ရေကူးကန်လမ်း၊ ရေကူးကန်အနီးတွင် အုပ်စုလူငယ်တစ်စုမှ ဆိုင်ကယ်စီးနင်းလာသည့် လူငယ်နှစ်ယောက်အား ရန်စရမ်းကားခဲ့ရာ ရန်စခြင်းခံရသည့် လူငယ်နှစ်ဦးမှ ဆိုင်ကယ်အားရပ်တန့်၍ ကိုယ်လွှတ်ရုန်းထွက်ပြေးသွားခဲ့စဉ် ၎င်းတို့နှစ်ဦး စီးနင်းလာခဲ့သော MSX ဆိုင်ကယ်အား မီးရှို့ဖျက်စီးခဲ့သည်၊ ထို့ကြောင့် မီးသတ်အဖွဲ့မှ သွားရောက်၍ မီးငြိမ်းသတ်ခဲ့ကြရကြောင်း သိရသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍လည်း ဆိုင်ကယ်မီးရှို့ဖျက်စီးခံခြင်းခံရသည့် နစ်နာသူ လူငယ်နှစ်ဦးက မုံရွာနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားခဲ့ကြောင်း သိရသည်။
“ … တကယ်ဆိုရင် အုပ်စုဖွဲ့ရဲ့ ရန်စရမ်းကားမှုကို ခံရပြီဆိုရင် ရန်စခံရတဲ့ ရမ်းကားခံရတဲ့ သူတွေက အချိန်မီ ရဲစခန်းကို ဆက်သွယ်အကြောင်းကြားဖို့လိုအပ်ပါတယ် ..၊ နစ်နာသူက ရဲစခန်းကို ဆက်သွယ်တာနဲ့ လှည့်ကင်းအဖွဲ့ကို ချက်ချင်းစေလွတ်ပြီး အချိန်မီ ၀န်ဆောင်မှုပေးဖို့ အသင့်လုပ်ဆောင်ထားပါတယ် ..”  မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းဝင်းမှ ပြောသည်။
အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ နစ်နာသူများအနေဖြင့် ရဲစခန်း၏ ၀န်ဆောင်ကူညီမှုများ ရယူနိုင်ရန် အချိန်မီ နီးစပ်ရာ ရဲစခန်းများသို့ ဆက်သွယ်အကြောင်းကြားရန် လိုအပ်လျက်ရှိသည်။ ရဲစခန်း ၊ ရဲကင်းများအနေဖြင့်လည်း အချိန်မီ ကူညီဝန်ဆောင်မှုများပေးနိုင်ရန် ကြိုးဖုန်းလိုင်းများအပြင် ဆက်သွယ်၍ လွယ်ကူနိုင်သည့် မိုလ်ဘိုင်းတေဘယ်လ်ဖုန်းများ တပ်ဆင်ထားရှိရန် လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

ကိုတိုးကြီး

#မေသတင်းရပ်ကွက်လေး

Comments

Popular posts from this blog

ခွဲစိပ်ပါရဂူသိရင်ငိုလောက်တဲ့ဇာမဏီရွက်

စစ်ဘေးရှောင်အမည်ခံ လုပ်စားနေတဲ့ KIA အရပ်ဝတ်နဲ့တပ်ဖျောက်နေထိုင်လာတဲ့ KIA

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးသွားဟု အပစ်ရပ် အဖွဲ့များပြော