လာမယ့် ၂၅ နှစ်အတွင်း လူသားများ ကားမောင်းခွင့် ပိတ်ပင်ခံရဖို့ ရှိနေ
တကယ်လို့ သာ လူသားတွေ ကားမမောင်းရတော့ဘူးဆိုရင် ယာဉ်မောင်းနှင်ရေးကို တာဝန်ယူသွားမှာကတော့ AI လို့ ခေါ်တဲ့ အဆင့်မြင့်ဥာဏ်ရည်တု နည်းပညာဖြစ်ပြီး မောင်းသူမဲ့ကားတွေဟာ ယာဉ်မောင်းတွေကို အလုပ်လက်မဲ့ ဖြစ်စေမယ့် အဓိကဇာတ်ကောင်လည်း ဖြစ်လာမှာပါ။
အထူးသဖြင့် အသွေးအသားတွေနဲ့ ဖွဲ့ စည်းထားတဲ့ ယာဉ်မောင်းတစ်ယောက်ဟာ အခြေအနေအကြောင်းကြောင်းကြောင့် ယာဉ်တိမ်းမှောက်ခြင်း ၊ ယာဉ်တိုက်မှုဖြစ်ခြင်းတွေနဲ့ ကြုံနိုင်ပေမယ့် စနစ်တကျ ပရိုဂရမ်ရေးဆွဲထားတဲ့ AI နည်းပညာသုံး မောင်းသူမဲ့ကားတွေကတော့ ဒီလိုမျိုး ဆိုးဝါးတဲ့ အဖြစ်အပျက်တွေကို ရှောင်လွှဲနိုင်ပြီး လူ့ အသက်ပေါင်း ထောင်ပေါင်းများစွာကို ကယ်တင်နိုင်မယ်လို့ လည်း မောင်းသူမဲ့နည်းပညာကျွမ်းကျင် ပညာရှင်များက ယုံကြည်နေကြပါတယ်။
မန်ချက်စတာအခြေစိုက် နည်းပညာကုမ္ပဏီတစ်ခု ဖြစ်တဲ့ Energi Mine မှ CEO ဖြစ်သူ အိုမာရာဟင်းကတော့ လူသားယာဉ်မောင်းများ နေရာမှာ မောင်းသူမဲ့ ကားတွေနဲ့ အစားထိုးဖို့ ယူကေအစိုးရကို တိုက်ရိုက်တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။ သူ့ အဆိုအရ လူသားယာဉ်မောင်းတွေကို ကားမောင်းခွင့်မပေးရမယ့် ကိစ္စဟာ ရှောင်လို့ မရတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်လာမှာ ဖြစ်ပြီး မောင်းသူမဲ့ကားတွေကတော့ ရူပဗေဒနဲ့ သချာင်္ပညာရပ်လိုမျိုး အချက်အလက် အတိအကျနဲ့ ဆုံးဖြတ်နိုင်တာ ဖြစ်လို့ လူသားတွေထက် ပိုပြီး မြန်ဆန်တိကျစွာ ဆုံးဖြတ်နိုင်သလို ခရီးသည်နဲ့ လမ်းသွားလမ်းလာတွေကိုလည်း ဘေးကင်းကင်းနဲ့ သယ်ယူပို့ ဆောင်ပေးနိုင်မယ်လို့ ဆိုပါတယ်။
အိုမာရာဟင်းလိုပဲ Tesla Motors ကားကုမ္ပဏီနဲ့ SpaceX အာကာသလုပ်ငန်းများကို ပိုင်ဆိုင်တဲ့ အီလွန်မတ်စ်ကလည်း လူတစ်ယောက်မောင်းတဲ့ ကားထက် နည်းပညာသုံး မောင်းသူမဲ့ကားတွေက ပိုပြီး ဘေးကင်းစိတ်ချရတယ်လို့ ယုံကြည်သူ ဖြစ်ပါတယ်။ လက်ရှိမှာ ကမ္ဘာကျော် နည်းပညာကုမ္ပဏီကြီးတွေဟာ မောင်းသူမဲ့ကားနည်းပညာပိုင်းအတွက် အပြိုင်အဆိုင် ကြိုးပမ်းအကောင်အထည်ဖော်နေကြပြီး စမ်းသပ်ပြေးဆွဲတဲ့ အဆင့်အထိ ရောက်နေကြပြီ ဖြစ်ပါတယ်။
ယူကေနိုင်ငံကတော့ လာမယ့် ၂၀၄၀ ခုနှစ်မှာ လောင်စာဆီသုံး ကားတွေ သုံးစွဲမှု ဖျက်သိမ်းသွားဖို့ စီစဉ်နေတာ ဖြစ်လို့ ၂၀၄၀ အလွန် တစ်ချိန်တည်းမှာ ယူကေနိုင်ငံက ယာဉ်မောင်းတွေအစား မောင်းသူမဲ့ကားတွေနဲ့ အစားထိုးသွားနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
Duwun
Comments
Post a Comment