မကွေးတွင် အချုပ်ခန်းဖောက်ထွက်ပြေးသည့် အချုပ်သားသုံးဦး ပြန်ဖမ်းမိ
မကွေးမြို့မရဲစခန်း အချုပ်ခန်းကို ဖောက်ပြေးသူ အချုပ်သား ခြောက်ဦးအနက်မှ သုံးဦးကို အောက်တိုဘာလ ၁၄ ရက်နေ့အထိ ပြန်လည် ဖမ်းဆီးရမိထားပြီး ကျန်သုံးဦးမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း မကွေးမြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ရဲစခန်းအချုပ်မှ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်တွင် အချုပ်ဖောက်ထွက်ပြေးမှုဖြစ်အပြီး ထွက်ပြေးလွတ်မြောက်သွားသည့် အချုပ်သားများကို ပြန်လည် ဖမ်းဆီးရမိရန် အပူတပြင်း ဆောင်ရွက်နေကာ ရဲတပ်ဖွဲ့ဝင်အင်အား ၅၀ ကျော်ဖြင့် ဖြန့်ကြက်ရှာဖွေနေဆဲဖြစ်ကြောင်း ယင်းအဖွဲ့တွင်ပါဝင်သူ မကွေးခရိုင် ဒ/နမှ တပ်ကြပ်ထွန်းထွန်းလတ်က ပြောကြားသည်။
ယင်းဖြစ်စဉ်တွင် အချုပ်သားတစ်ဦးကို အခင်းဖြစ်ပွားပြီး ၂၄ နာရီအတွင်း၌ ဖမ်းဆီးရမိခဲ့ပြီး ဒုတိယတစ်ဦးကို ကွမ်းအုံကျေးရွာနှင့် တောင်တွင်း မိကျောင်းကား လမ်းဆုံ မိုင်တိုင်အမှတ် (၆) အနီး၌ ရဲတပ်ဖွဲ့ဝင် အင်အား ၃၀ ကျော်က ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့ကာ အောက်တိုဘာလ ၁၄ ရက်နေ့ နေ့လယ်တွင် တစ်ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မကွေးမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
မကွေးမြို့မ ရဲစခန်းရှိ အချုပ်ခန်း အမှတ် (၆)မှ စွဲဆိုပုဒ်မ ကိုယ်စီဖြင့်အမှု ရင်ဆိုင်နေရသူ ခြောက်ဦးတို့သည် အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက အချုပ်ခန်းသံတိုင်များ တိုင်ကိုဖြတ်တောက်ကာ အပြင်ရှိ သံဆန်ခါနှင့် သံဆူးကြိုးတို့ကိုဖျက်၍ မိလ္လာအမိုးမှတစ်ဆင့် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း မကွေးမြို့မရဲစခန်းထံမှ သိရသည်။
The Voice
https://www.facebook.com/thevoicemyanmar.mm/
Comments
Post a Comment