ပြည်ပသို့ ကျွဲ၊ နွားအရှင်တင်ပို့မှု ပြန်လည်ခွင့်ပြု



၁၅ နှစ်ခန့်ကြာ ပိတ်ပင်ထားသည့် ပြည်ပသို့ ကျွဲ၊ နွားအရှင်များတင်ပို့မှုကို တရားဝင် ခွင့်ပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဈေးကွက်အခြေအနေနှင့် ပြည်တွင်းမွေးမြူ ထုတ်လုပ်နိုင်မှု အခြေအနေပေါ်မူတည်၍ သတ် မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ အောက်တို ဘာ ၉ ရက်ကစတင်ပြီး ပြန်လည်ခွင့်ပြုခြင်းဖြစ် သည်ဟု အဆိုပါဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‘‘အရင်က ပိတ်ထားတာကြာပါပြီ။ အခု ဘယ်နိုင်ငံဖြစ်ဖြစ် ပို့လို့ရသွားပြီ’’ ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက် ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြော ကြားသည်။ဈေးကွက်စီးပွားရေးစနစ် နှင့်အညီ ရောင်းလိုအားနှင့်ဝယ် လိုအားဖြစ်ပေါ်နေသော လွတ် လပ်သော ဈေးကွက်ကိုဖော် ဆောင်ရန်၊ မွေးမြူရေးတောင်သူ များ ၀င်ငွေနှင့်အလုပ်အကိုင်အ ခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် တောင်သူလယ်သမားများ၏ အ ကျိုးစီးပွားကို ပိုမိုကာကွယ် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျွဲနွားအရှင်များ တင်ပို့ခြင်းဖြစ် သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။

ယခင်က ကျွဲ၊ နွားတင်ပို့ခြင်း ကို ရခိုင်ဘက်မှတစ်ဆင့် မလေး ရှားနိုင်ငံသို့ တင်ပို့ခဲ့ကြောင်း၊ နောက်ပိုင်းတွင် ပြန်လည်ပိတ်ပင်  ခဲ့ကြောင်း ဦးခင်မောင်လွင်ကပြောသည်။

ပြည်ပသို့ ကျွဲနွားအရှင် တင် ပို့မှုကို ၂၀၀၃ ခန့်ကစ၍ ပိတ်ပင် ထားခြင်းဖြစ်သည်။

‘‘ခိုင်းနွားတွေရှားလာမှာစိုး လို့ တားမြစ်ထားတာပါ။ နွားတွေ မွေးပြီးတင်ပို့နိုင်ရင် တကယ်ဈေး ကွက်ကြီးဖြစ်လာမှာမို့ ခွင့်ပြု လိုက်တာ’’ ဟု စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးဦးမြင့်ချိုကပြော သည်။

တင်ပို့ရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနလက်အောက်ရှိ ကုန်သွယ် ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန် ကြီးဌာနလက်အောက်ရှိ မွေးမြူ ရေးနှင့် ကုသရေး ဦးစီးဌာနတို့၏ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရမည်ဟုဆို သည်။

မြန်မာ-တရုတ်နယ်စပ်နွား မှောင်ခိုဈေးကွက်တွင် ပြည်တွင်း မှ နွားအကောင်ရေ နှစ်သိန်းခန့် ကို တရုတ်နိုင်ငံက နှစ်စဉ်ဝယ်ယူ နေသည်။ နယ်စပ်မှောင်ခိုဈေး ကွက်တွင် ခိုင်းနွားတစ်ကောင် လျှင် ကျပ်ငါးသိန်းသာဈေးရသော် လည်း တရုတ်နိုင်ငံ၌ ပေါက်ဈေး သိန်း ၃၀ ကျော်ရှိနေသည်ဟု အထက်ပါဝန်ကြီးဌာန ကောက် ယူထားသောစာရင်းများအရ သိ ရသည်။ ယင်းသို့ တရားမ၀င် ဈေးကွက်ကြောင့် ပြည်တွင်းမှ နစ်နာမှုများရှိ၍ ကျွဲနွားအရှင် များကို တရားဝင်တင်ပို့ခွင့်ပြုရန် မကြာခဏတောင်းဆိုမှုများ ရှိခဲ့ သည်။

နွားများပြည်ပတင်ပို့ရာတွင် မွေးမြူရေးနွားများကို ဦးစားပေး တင်ပို့သင့်ပြီး ခိုင်းနွားများကိုမပို့ သင့်ကြောင်း ကလေးမြို့နယ်မှ လယ်သမား ဦးအောင်သန်းက ပြောသည်။

‘‘မွေးမြူရေးလုပ်ပြီး ပို့သင့် တယ်။ အခုခိုင်းနွားတွေပို့ရင် လယ်လုပ်ဖို့ ခက်ခဲသွားလိမ့်မယ် ထင်တယ်။ နောက်ပြီး နွားတွေ လယ်လုပ်ဖို့ နွားတွေမရှိရင် မလွယ်ဘူး။ စက်တွေဘာတွေက လည်း မတတ်နိုင်သေးဘူး’’ ဟု ဦးအောင်သန်းက ပြောသည်။

‘‘လွတ်လပ်စွာ သယ်ပို့ ရောင်းချခွင့်ရရင် ကောင်းတာ ပေါ့။ အခုကမြို့နယ်လိုင်စင် သမားတွေက နယ်ကျော်ရင် ရဲ တိုင်ဖမ်းလွန်းလို့ဒုက္ခရောက်နေ တာ။ အခုလို လွတ်လပ်စွာပို့ခွင့်ရ ရင် အဆင်ပြေတယ်။ လက်ရှိဆို ရင်ကို ပြည်တွင်းမှာနွားတစ် ကောင် ခြောက်သိန်းလောက် ပေါက်နေပြီး ရခိုင်မှာရှစ်သိန်း၊ ဆယ်သိန်းရတယ်။ တရုတ်ပို့ရင် ဆယ်သိန်းအထက်ရတယ်’’ ဟု ဆင်ပေါင်ဝဲမြို့နယ် ရှာစေးဖိုရွာမှ နွားမွေးသူကိုအောင်ကျော်မိုးက ပြောသည်။



7Day News Journal

http://www.7daydaily.com/story/110157

Comments

Popular posts from this blog

ခွဲစိပ်ပါရဂူသိရင်ငိုလောက်တဲ့ဇာမဏီရွက်

စစ်ဘေးရှောင်အမည်ခံ လုပ်စားနေတဲ့ KIA အရပ်ဝတ်နဲ့တပ်ဖျောက်နေထိုင်လာတဲ့ KIA

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးသွားဟု အပစ်ရပ် အဖွဲ့များပြော