အောင်မြင်တဲ့ ခေါင်းဆောင်ကောင်းတွေမှာရှိတဲ့ ဝိသေသလက္ခဏာ (၄) မျိုး




လူတစ်ယောက်ရဲ့ အောင်မြင်မှုဟာ ဘယ်အချက်တွေပေါ် မူတည်နေပါသလဲ။ စဉ်းစားတွေးခေါ်ဉာဏ် (IQ) ကောင်းခြင်းလား။ အပေါင်းအသင်းများခြင်းနဲ့ လူချစ်လူခင်များခြင်းလား။ ဒါမှမဟုတ် မဆုတ်မနစ်ကြိုးစားတတ်တဲ့ ဉာဉ်လား။ ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ အဆိုအရတော့ ၂၀၂၀ ခုနှစ်ရောက်ရင် အပေါင်းအသင်းများပြီး မိမိရဲ့စိတ်ခံစားမှုကို ကောင်းစွာကိုင်တွယ်နိုင်သူတွေဟာ ဝင်ငွေအကောင်းဆုံး အလုပ်အကိုင်ရှိသူတွေ ဖြစ်လာစေဖို့ အထောက်အကူကြီးစွာ ပြုနိုင်တယ်လို့ ဆိုပါတယ်။

 
တစ်နည်းအားဖြင့် အောင်မြင်သူတွေမှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းထဲမှာ လူမှုဆက်ဆံရေး (မိတ္တဗလ) ကောင်းမွန်ခြင်းနဲ့ စိတ်ခံစားမှုနောက်ကို မလိုက်တတ်ခြင်း (သွေးအေးခြင်း) တို့လည်း ပါဝင်နေပါတယ်။ 

အောင်မြင်သူတွေမှာ ရှိသင့်ရှိထိုက်တဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးတွေကတော့...

၁။ မိမိရဲ့စိတ်ခံစားချက်ကို ကောင်းကောင်းထိန်းချုပ်နိုင်တယ်

အောင်မြင်သူတစ်ဦးဖြစ်ဖို့အတွက် အခြေခံအချက်ကတော့ မိမိရဲ့ခံစားချက်တွေကိုကောင်းစွာထိန်းချုပ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် စိတ်ဆိုးဒေါသထွက်ခြင်းကို မဖော်ပြသလို ဖြစ်လာတဲ့ပြသနာကိုလည်း အေးအေးလူလူဖြေရှင်းနိုင်ကြပါတယ်။ ပြသနာတစ်ခုကိုခံစားချက်နဲ့ဖြေရှင်းလို့ မပြေလည်နိုင်တာကို နားလည်ပြီး ခေါင်းအေးအေးနဲ့ ဖြေရှင်းနည်းတွေကို စဉ်းစားနိုင်ကြပါတယ်။

၂။ သူတစ်ပါးရဲ့ခံစားချက်ကိုလည်း နားလည်တယ်

မိမိရဲ့စိတ်ခံစားချက်ကိုကောင်းကောင်းထိန်းချုပ်နိုင်တဲ့ ခေါင်းဆောင်တွေဟာ သူများတွေရဲ့ခံစားချက်ကိုလည်း ကောင်းကောင်း နားလည်ပါတယ်။ သူတို့ဟာ လူရေလည်ကြပြီး လူတစ်ယောက်ရဲ့ စိတ်ခံစားချက်ကို ဘယ်လိုထိန်းချုပ်မြှင့်တင်ပေးရမလဲ ဆိုတာကိုလည်း နားလည်ကြပါတယ်။ ဒါကြောင့်ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ ကိုယ့်လက်အောက်ငယ်သားတစ်ယောက် ဒေါသထွက်နေပြီ ဆိုရင်တောင် ဘာကြောင့်ဒေါသထွက်ရလဲဆိုတဲ့ ရင်းမြစ်ကိုရှာဖွေတတ်ပြီး ပြသနာကို ဖြေရှင်းနိုင်စွမ်း ရှိကြပါတယ်။

၃။ နားထောင်ကောင်းသူတွေဖြစ်ကြပါတယ်

စကားပြောကောင်းတယ်ဆိုတာ လွယ်ပါတယ်။ နားထောင်ကောင်းတဲ့သူဖြစ်ဖို့ပဲ ခက်တာပါ။ လူတွေဟာ ပါးစပ်တစ်ယောက်၊ နား (၂) ပေါက်ပါပေမယ့် များများပြောပြီး နည်းနည်းပဲ နားထောင်ချင်ကြပါတယ်။ လူ့အကြောကို နောကြေတဲ့သူတွေကတော့ တစ်ဖက်လူစကားပြောနေရင် တလေးတစားနားထောင်ပေးတတ်ကြပြီး တစ်ဖက်လူရဲ့လေးစားမှုကို အရယူတတ်ကြပါတယ်။

ဒါတင်မကသေးပါဘူး။ တစ်ဖက်လူရဲ့စကားထဲက စိတ်ခံစားချက်ကိုပါ ဖမ်းယူနိုင်ကြပြီး ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာကိုလည်း နားလည်ကြပါတယ်။ တစ်ခါတလေကျတော့ ပြောလိုက်တဲ့စကားလုံးတွေထက် စကားလုံးနောက်ကွယ်က စိတ်ခံစားချက်တွေက ပိုအရေးကြီးတယ်လေ။ တစ်ခါတလေမှာ ပြဿနာတစ်ခုကို ဖြေရှင်းနည်းထက် ပြဿနာကြောင့်ဖြစ်တဲ့ စိတ်တင်းကျပ်မှုကို ဖြေလျှော့ဖို့အတွက် ရင်ဖွင့်တာတွေကို နားထောင်ပေးမယ့်လူမျိုးကို ကျွန်တော်တို့ ပိုလိုချင်ကြပါတယ်။

၎။ ကောလဟာလတွေကို ကောင်းကောင်းဖြေရှင်းနိုင်တယ်

ခေါင်းဆောင်ကောင်းတွေဟာ တချို့အခြေအနေတွေမှာ လက်အောက်ငယ်သားတွေ ဘယ်လိုတုံ့ပြန်နိုင်တယ်ဆိုတာကို ကြိုတင်ခန့်မှန်းနိုင်ကြပြီး ပြသနာမတက်ခင် အခြေအနေကို ကြိုတင်ထိန်းသိမ်းနိုင်ကြပါတယ်။ ဥပမာ.. ကုမ္မဏီရဲ့ရှယ်ယာဈေးတွေ ထိုးကျနေပြီလို့ လက်အောက်ငယ်သားတွေကြားမှာ ကောလဟာလတွေမပျံ့ခင်ကတည်းက ကြိုတင်သိရှိပြီး အဲဒီအခြေအနေကို လက်အောက်ငယ်သားတွေ အားလုံးသိအောင် ခေါ်ပြောပြတာမျိုးပေါ့။

ဒီလိုခေါ်ပြောပြလိုက်မယ်ဆိုရင် လက်အောက်ငယ်သားတွေဆီက ကိုယ်မမြင်တဲ့ရှုထောင့်က အကြံဉာဏ်တွေကိုတောင် ရနိုင်ပါသေးတယ်။ ကောလဟာလက တကယ့်အဖြစ်အပျက်ထက် ပိုမိုချဲ့ကားနိုင်ပြီး ကောလဟာလကြောင့် ပျက်ဆီးခဲ့ရတဲ့ သာဓကတွေလည်း မနည်းပါဘူး။ EQ ကောင်းတဲ့ခေါင်းဆောင်တွေကတော့ ဒါကိုကောင်းစွာနားလည်ပြီး ကိုင်တွယ်ဖြေရှင်း နိုင်ပါတယ်။

Source: Business



Duwun

Comments

Popular posts from this blog

ခွဲစိပ်ပါရဂူသိရင်ငိုလောက်တဲ့ဇာမဏီရွက်

စစ်ဘေးရှောင်အမည်ခံ လုပ်စားနေတဲ့ KIA အရပ်ဝတ်နဲ့တပ်ဖျောက်နေထိုင်လာတဲ့ KIA

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးသွားဟု အပစ်ရပ် အဖွဲ့များပြော