ကလေးမြို့ လက်ဆေးကန် အဆင်းလမ်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် လေးဦးသေဆုံးပြီး

 
တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာ အနီး၌လည်း လွန်ခဲ့သည် နှစ်ရက်က ကျသွားသော အိမ်စီးကား တစ်စီးကို ပြန်လည်တွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ လက်ဆေးကန် အဆင်းလမ်းတွင် အောက်တိုဘာ ၁၁ ရက် နံနက် ၃ နာရီခန့်တွင် ယာဉ်တိမ်းမှောက်မှုကြောင့် လေးဦးသေဆုံးခဲ့ပြီး ချင်းပြည်နယ် တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာ နှင့် ဟိန်ဇိန်ကျေးရွာကြား (အောက်တိုဘာ ၁၀ ရက်နေ့က ယာဉ်တိမ်းမှောက်ခဲ့သည့် နေရာအနီး) တွင်ပင် အိမ်စီးကားတစ်စီးသည် အောက်တိုဘာ ၉ ရက် ညပိုင်းတွင် ချောက်ထဲသို့ကျခဲ့ပြီး ပြန်လည်ရှာဖွေခဲ့ရာ ပြန်လည်တွေ့ရှိခဲ့သည်ဟု သိရသည်။
“မော်လိုက်မြို့နဲ့ ရန်မျိုးအောင်ကျေးရွာ (ကလေးမြို့နယ်) ဆက်သွယ်ထားသော ကားလမ်းမှာ သစ်တွေတင်ဆောင်လာတဲ့ ကားတစ်စီး တိမ်းမှောက်မှုဖြစ်ခဲ့တာ ယာဉ်ပေါ်လိုက်ပါလာတဲ့ ယာဉ်မောင်း အပါအ၀င် လေးဦးသေဆုံးခဲ့ပါတယ်။ ကျန်တဲ့လေးဦးကတော့ ဆေးရုံပေါ်မှာ ဆေးကုသနေပါတယ်။ ဆေးရုံပေါ်က လူတွေကတော့ ဒဏ်ရာက မစိုးရိမ်ရပါဘူး” ဟု စခန်းကြီးကျေးရွာ ရဲစခန်းမှ တာဝန်ရှိသူက ပြောကြားသည်။
အဆိုပါ ဖြစ်စဉ်မှာ မော်လိုက်မြို့ဘက်မှ ရန်မျိုးအောင်ကျေးရွာ (ကလေးမြို့နယ်) ဘက်သို့ မောင်းနှင်လာသော ဂျီအမ်စီ ထရပ်ကား ယာဉ်အမှတ် ၇က/၇၀၂ သည် သစ်များကို တင်ဆောင်လာစဉ် မိုင်တိုင် ၂၂ နှင့် ၂၃ အကြားတွင် အဆင်း၌ ဘရိတ်ပေါက်ပြီး ယာဘက်သို့ ထိုးကျကာ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ ကားပေါ်တွင် ပျဉ်းသားငါးတန်ခန့် တင်ဆောင်လာပြီး ခရီးသည်နှင့် ယာဉ်မောင်းရှစ်ဦး လိုက်ပါစီးနင်းခဲ့ကာ တိမ်းမှောက်ခဲ့ခြင်းကြောင့် ယဉ်ပ /၉၈ ရာဇ၀တ်မှု ပုဒ်မ ၃၃၈ ၊ ၃၀၄ (က) တို့နှင့် အရေးယူ ဆောင်ရွက်လျက်ရှိပြီး တင်ဆောင်လာသော တရားမ၀င် သစ်များကိုလည်း သစ်တောဦးစီးဌာနမှ သိမ်းဆည်းကာ အရေးယူဆောင်ရွက် နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။
ချင်းပြည်နယ် တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာနှင့် ဟီရန်ဇိန်ကျေးရွာအကြား ယခင်နေ့ (အောက်တိုဘာ ၁၀ ရက်) က ယာဉ်တိမ်းမှောက်ခဲ့သောနေရာ အနီးတွင် အောက်တိုဘာ ၉ ရက် ညပိုင်းက ကျခဲ့သော အိမ်စီးကား တစ်စီးကိုလည်း ယာဉ်ပေါ်လိုက်ပါလာသူ နှစ်ဦး (သေဆုံးလျက်) နှင့် အတူ တွေ့ရှိခဲ့သည်ဟု သိရသည်။
“ကားကျတာ တနင်္ဂနွေနေ့ညက ကျတာ ဖြစ်မယ်။ အောက်တိုဘာ ၉ ရက် ညက ကျတာပါ ။ သူတို့ကချောင်း (ရိခေါဒါရ် မြို့ ) ကို သွားတာမှာ မနေ့က( အောက်တိုဘာ ၁၀ ရက်) က ကားကျတဲ့ အောက်ကွေ့လေးမှာ ကျသွားတာပါ။ အလောင်းတွေတောင် ပုပ်နေပြီ။ သူတို့က ထေးဇန်ရေဆေးခုံမှာ အဲဒီနေ့ည ၁၀ နာရီလောက်မှာ ရှိသေးတယ်ဆိုတော့ သူတို့ကျတာ ည ၁၁ နာရီဝန်းကျင်လောက် ဖြစ်တာနေမှာပါ။ အခုမှ အလောင်းတွေ့တာပါ။ ဒီကနေ့မှ ကားရောတွေ့တာ။ သူတို့က မနေ့ညက ၇ နာရီလောက်အထိ ကားကျတဲ့နေရာမှာ တွေ့သေးတယ် လိုက်ရှာနေကြတာ။ အလောင်းက ဒီကနေ့ မနက်ကတွေ့တာ။ မနေ့က သူ့မိတ်ဆွေ ဆွေမျိုးတွေက တီးတိန်လောက်အထိ လိုက်ရှာနေကြတာ” ဟု တောင်ပေါ်ကားသမား တစ်ဦးက ပြောကြားသည်။
အောက်တိုဘာ ၁၀ ရက်ကလည်း တီးတိန်မြို့နယ် လွိုင်တွီးကျေးရွာမှ ထွက်ခွာလာ သောခြောက်ဘီးကား တစ်စီးသည် ခရီးသည် ၃၀ ခန့် တင်ဆောင်လာကာ သိုင်းငင်းကျေးရွာနှင့် ဟိန်ဇိန်ကျေးရွာအကြား လေးထပ်ကွေ့အရောက်တွင် ချောက်ထဲထိုးကျခဲ့ရာ ငါးဦးသေဆုံးခဲ့ပြီး ၁၈ ယောက် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
writer: အောင်သူထွန်း
EMG

Comments

Popular posts from this blog

ခွဲစိပ်ပါရဂူသိရင်ငိုလောက်တဲ့ဇာမဏီရွက်

စစ်ဘေးရှောင်အမည်ခံ လုပ်စားနေတဲ့ KIA အရပ်ဝတ်နဲ့တပ်ဖျောက်နေထိုင်လာတဲ့ KIA

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးသွားဟု အပစ်ရပ် အဖွဲ့များပြော